သူ​ကြီး 6:1-13 Judson Bible (BJB)

1. တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ သူတို့ကို မိဒျန်အမျိုးလက်၌ ခုနစ်နှစ်ပတ်လုံးအပ်တော်မူသဖြင့်၊

2. မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင်၍ ညှဉ်းဆဲသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ၏။

3. ဣသရေလအမျိုးသည် လယ်လုပ်ပြီးမှ၊ မိဒျန်ပြည်သားနှင့် အာမလက်ပြည်သားအစရှိသော အရှေ့ပြည်သားတို့သည် ချီလာ၍၊

4. တပ်ချသဖြင့်၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန်၍မထား။ သိုးနွားမြည်းကိုလည်း ချန်၍ မထားကြ။

5. အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တိရစ္ဆာန်များ၊ တဲများပါလျက်၊ ကျိုင်းကောင်များပြားသကဲ့သို့၊ သူတို့နှင့် ကုလားအုပ်တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလပြည်ကို ဖျက်ဆီးလျက် လာကြ၏။

6. ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ၏။

7. ထိုသို့ မိဒျန်အမျိုးသားတို့ကြောင့်၊ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ၊

8. ထာဝရဘုရားသည် ပရောဖက်တယောက်ကို ဣသရေလအမျိုးသားတို့ထံသို့ စေလွှတ်တော်မူ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို ငါနှုတ်ဆောင်ပြီ။

9. အဲဂုတ္တုပြည်သားလက်မှ၎င်း၊ ညှဉ်းဆဲသောသူအပေါင်းတို့လက်မှ၎င်း၊ သင်တို့ကို ကယ်နှုတ်၍၊ သူတို့ကို သင်တို့ရှေ့မှ နှင်ထုတ်သဖြင့် သူတို့ပြည်ကို ပေးပြီ။

10. ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့နေသော အာမောရိပြည်သား ကိုးကွယ်သော ဘုရားတို့ကို မကြောက်ရွံ့ကြနှင့်ဟု ငါပညတ်သော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြဟု မိန့်တော်မူ၏။

11. တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည်လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသားယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသား ဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှါ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကို နယ်လျက်နေ၏။

12. ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသော အချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏ဟု ဆိုလျှင်၊

13. ဂိဒေါင်က၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည် မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော၊ အံ့ဘွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော်၊

သူ​ကြီး 6