သူ​ကြီး 5:6-17 Judson Bible (BJB)

6. အာနတ်သားရှံဂါမင်းလက်ထက်၌၎င်း၊ ယေလမင်းလက်ထက်၌၎င်း၊ လမ်းမတို့သည် ဆိတ်ညံလျက်ရှိ၍ခရီးသွားသော သူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။

7. ဣသရေလအမျိုး၌မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမှီတိုင်အောင် မင်းဆက်ပြတ်လျက် ရှိ၏။

8. ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ၏။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှားတခု၊ လှံတစင်းမျှ မရှိ။

9. စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကိုလှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

10. ဖြူသောမြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊

11. ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသောသူတို့၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသောအမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည်။

12. နိုးပါ၊ နိုးပါ၊ ဒေဗောရ။ နိုးပါ၊ နိုးပါ၊ သီချင်းဆိုပါ၊ အိုဗာရက်၊ ထပါ၊ အဘိနောင်သား၊ သင်ဘမ်းဆီးချုပ်ထားသော သူတို့ကို ထုတ်ပြပါ။

13. ထိုအခါ ကျန်ကြွင်းသောသူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဘို့ ဆင်းကြ၏။

14. အာမလက်လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲကမင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။

15. ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ပါ၍ ဣသခါအမျိုးသည် ဗာရက်၏ လက်ရုံးဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြဌာန်းခြင်း များကြ၏။

16. နောက်တဖန်သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှါ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တိုခြင်းများကြသည်တကား။

17. ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက်၌ ငြိမ်ဝပ်စွာနေကြ၏။ ဒန်အမျိုးသည် သင်္ဘောဆိပ်အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘောဆိုက်ရာ ကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား။

သူ​ကြီး 5