သူ​ကြီး 5:17-31 Judson Bible (BJB)

17. ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက်၌ ငြိမ်ဝပ်စွာနေကြ၏။ ဒန်အမျိုးသည် သင်္ဘောဆိပ်အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘောဆိုက်ရာ ကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား။

18. ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သော တောအရပ်၌ ထိုနည်းတူပြု၏။

19. ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာတိုက်သော်လည်း၊ ငွေကို လုယူ၍ မရကြ။

20. ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါ သိသရကို စစ်တိုက်ကြ၏။

21. ကိရှုန်မြစ်၊ စစ်မှုကြောင့်ကျော်စောသောမြစ်၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏။ အိုငါ့ဝိညာဉ်၊ သင်သည် ခွန်အားကြီးသော သူကို နှိပ်နင်းပြီ။

22. ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကိုနှင်လျက် နှင်လျက်စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့် ထိခိုက်လျက် ပြေးကြ၏။

23. မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရဘုရား၏ကောင်းကင်တမန်သည် မှာထား၏။

24. ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြက်စွာသော မင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။

25. ထိုသူသည် ရေကိုတောင်း၍ ယေလသည် နို့ကို ပေး၏။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ၏။

26. တဲတံသင်ကို ယူ၍ လက်ျာလက်နှင့် လက်ရိုက်ကို ကိုင်လျက် သိသရကို ရိုက်လေ၏။ သူ၏ခေါင်းကို ထိုးရိုက်၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ၏။

27. သူသည် ယေလခြေရင်း၌ကျ၍ လဲလျက် တုံးလုံးနေ၏။ ခြေရင်း၌ ကျလဲ၍ ကျရာအရပ်၌ သေလျက် လဲနေ၏။

28. သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။

29. ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား၊

30. သူတို့သည် တွေ့၍ရသော ဥစ္စာကို ဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရဘို့ ပန်းဆိုးသော အဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သောအဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဘို့ ပန်းဆိုး၍ချယ်လှယ်လျက် အဆင်းအရောင် ထူးခြားသော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။

31. အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။

သူ​ကြီး 5