သူ​ကြီး 5:12-24 Judson Bible (BJB)

12. နိုးပါ၊ နိုးပါ၊ ဒေဗောရ။ နိုးပါ၊ နိုးပါ၊ သီချင်းဆိုပါ၊ အိုဗာရက်၊ ထပါ၊ အဘိနောင်သား၊ သင်ဘမ်းဆီးချုပ်ထားသော သူတို့ကို ထုတ်ပြပါ။

13. ထိုအခါ ကျန်ကြွင်းသောသူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဘို့ ဆင်းကြ၏။

14. အာမလက်လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲကမင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။

15. ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ပါ၍ ဣသခါအမျိုးသည် ဗာရက်၏ လက်ရုံးဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြဌာန်းခြင်း များကြ၏။

16. နောက်တဖန်သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှါ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တိုခြင်းများကြသည်တကား။

17. ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက်၌ ငြိမ်ဝပ်စွာနေကြ၏။ ဒန်အမျိုးသည် သင်္ဘောဆိပ်အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘောဆိုက်ရာ ကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား။

18. ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သော တောအရပ်၌ ထိုနည်းတူပြု၏။

19. ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာတိုက်သော်လည်း၊ ငွေကို လုယူ၍ မရကြ။

20. ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါ သိသရကို စစ်တိုက်ကြ၏။

21. ကိရှုန်မြစ်၊ စစ်မှုကြောင့်ကျော်စောသောမြစ်၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏။ အိုငါ့ဝိညာဉ်၊ သင်သည် ခွန်အားကြီးသော သူကို နှိပ်နင်းပြီ။

22. ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကိုနှင်လျက် နှင်လျက်စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့် ထိခိုက်လျက် ပြေးကြ၏။

23. မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရဘုရား၏ကောင်းကင်တမန်သည် မှာထား၏။

24. ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြက်စွာသော မင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။

သူ​ကြီး 5