သူ​ကြီး 21:13-21 Judson Bible (BJB)

13. တဖန်စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကိုနှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှါ လူတို့ကိုစေလွှတ်ကြ၏။

14. ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူမိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည်မလောက်မငကြ။

15. ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့်၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ၏။

16. စုဝေးရာ ပရိသတ် အသက်ကြီးသူတို့ကလည်း၊ ဗင်္ယာမိန်အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်းသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊

17. ဣသရေလအမျိုးတို့တွင် တမျိုးကို မပျောက်စေခြင်းငှါ သေဘေးမှ လွှတ်သော ဗင်္ယာမိန်လူတို့ အမွေခံစရာမြေရှိရမည်။

18. သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကို ပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေးစားရဟူ၍၎င်း၊

19. ဗေသလမြို့ မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင်ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဘို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့် အညီ၊

20. ဗင်္ယာမိန်လူတို့ကို ခေါ်၍ သင်တို့သည် သွားကြလော့။ စပျစ်ဥယျာဉ်တို့၌ ချောင်းမြောင်းလျက်နေကြလော့။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှါ ကလျက်လာကြသောအခါ၊

21. စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ဘမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။

သူ​ကြီး 21