သူ​ကြီး 21:1-14 Judson Bible (BJB)

1. ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည် အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။

2. လူများတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ၍ ဘုရားသခင့် ရှေ့တော်၌ ညဦးတိုင်အောင်နေလျက်၊ အသံကို လွှင့်၍ ငိုကြွေးလျက်၊

3. အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တမျိုး ချို့တဲ့ရသောအမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။

4. နက်ဖြန်နံနက်စောစော လူများတို့သည်ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။

5. ဣသရေလအမျိုးသားတို့ကလည်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိသတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်းမူကား၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲနေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။

6. ဣသရေလအမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလအမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ။

7. ငါတို့သည် ကိုယ်သမီးကို သူတို့အားမပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊

8. ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟူ၍၎င်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာတပ်သို့ မရောက်မလာကြောင်းကို သိကြ၏။

9. လူများတို့ကိုရေတွက်သောအခါ၊ ဂိလဒ်ပြည်ယာဗက်မြို့သားတယောက်မျှမပါ။

10. ထိုအခါ စုဝေးသောသူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည် သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့။

11. သို့ဆိုသော်၊ ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို၎င်း၊ ရှင်းရှင်းပယ်ရှားကြလော့ဟု မှာထားသည်အတိုင်း၊

12. စစ်သူရဲတို့သည် ဂိလဒ်ပြည်ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာမိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။

13. တဖန်စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကိုနှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှါ လူတို့ကိုစေလွှတ်ကြ၏။

14. ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူမိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည်မလောက်မငကြ။

သူ​ကြီး 21