သူ​ကြီး 19:3-18 Judson Bible (BJB)

3. လင်သည် သူ့ကို ချော့မော့၍ ဆောင်ခဲ့ခြင်းငှါ ငယ်သားတယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘ အိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကို တွေ့မြင်လျှင် ဝမ်းမြောက်သော စိတ်ရှိ၍ သိမ်းဆည်းလေ၏။

4. ထိုကြောင့် သမက်သည် စားသောက်လျက်၊ အိပ်လျက်၊ သုံးရက်ပတ်လုံး ယောက္ခမအိမ်၌နေ၏။

5. စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှါ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့်အနည်းငယ်ကို စား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည့်အတိုင်း၊

6. နှစ်ယောက်လုံးထိုင်၍ စားသောက်လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျပါတော့။ ယနေ့ ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန်၍၊

7. သမက်သည် သွားအံ့သောငှါ ထသော်လည်း၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ်၌ အိပ်ပြန်လေ၏။

8. ပဥ္စမနေ့ရက် နံနက်စောစောသွားအံ့သောငှါ ထသောအခါ၊ ယောက္ခမက၊ အားဖြည့်ပါဦးတော့ဟု ဆို၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ၏။

9. ထိုသူသည် မယားငယ်နှင့် ငယ်သားကို ခေါ်၍ သွားအံ့သောငှါ ထပြန်သောအခါ၊ သူ၏ယောက္ခမဖြစ်သော ထိုမိန်းမ၏ အဘက၊ ကြည့်ပါ၊ မိုဃ်းချုပ်လုပြီ။ ယနေ့ညဉ့်ကိုလည်း လွန်စေပါတော့။ နေ့အချိန် ကုန်လုပြီ။ ဤအရပ်၌ အိပ်၍ ပျော်မွေ့လျက်နေပါတော့။ နက်ဖြန် နံနက် စောစောထ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း၊

10. သမက်သည် ထိုညဉ့်ကို မလွန်စေဘဲ ထသွား၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်းပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ၏။

11. ထိုမြို့အနီးသို့ ရောက်သောအခါ၊ မိုဃ်းချုပ်သောကြောင့် ငယ်သားက၊ နားထောင်ပါတော့။ ယေဗုသိလူနေရာ ဤမြို့သို့ ဝင်၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော်၊

12. သခင်က၊ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားနေသော မြို့သို့မဝင်၊ ဂိဗာမြို့သို့ သွားဦးမည်။

13. ဂိဗာမြို့၊ ရာမမြို့ အစရှိသော တစုံတခုသောအရပ်၌ ညဉ့်ကိုလွန်စေခြင်းငှါ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက်၊

14. ခရီးသွားပြန်၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ၊ နေဝင်လေ၏။

15. ဂိဗာမြို့မှာ ညဉ့်ကိုလွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင်၍ အဘယ်သူမျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ၏။

16. ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသားဖြစ်ကြ၏။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတယောက်ရှိသည်ဖြစ်၍၊ ထိုသူသည် ညဦးယံ၌ လယ်လုပ်ရာမှလာစဉ်၊

17. မြော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တယောက်ရှိသည်ကိုမြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးသော်၊

18. ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင်သားဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခုထာဝရဘုရား၏အိမ်တော်သို့ သွား၏။ အဘယ်သူမျှ ဧည့်မခံသေး။

သူ​ကြီး 19