2. ထိုမိန်းမသည် လင်ကိုပြစ်မှား၍ ဗက်လင်မြို့ မိမိအဘအိမ်သို့ သွားသဖြင့် လေးလနေလေ၏။
3. လင်သည် သူ့ကို ချော့မော့၍ ဆောင်ခဲ့ခြင်းငှါ ငယ်သားတယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘ အိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကို တွေ့မြင်လျှင် ဝမ်းမြောက်သော စိတ်ရှိ၍ သိမ်းဆည်းလေ၏။
4. ထိုကြောင့် သမက်သည် စားသောက်လျက်၊ အိပ်လျက်၊ သုံးရက်ပတ်လုံး ယောက္ခမအိမ်၌နေ၏။
5. စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှါ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့်အနည်းငယ်ကို စား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည့်အတိုင်း၊
6. နှစ်ယောက်လုံးထိုင်၍ စားသောက်လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျပါတော့။ ယနေ့ ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန်၍၊
7. သမက်သည် သွားအံ့သောငှါ ထသော်လည်း၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ်၌ အိပ်ပြန်လေ၏။
8. ပဥ္စမနေ့ရက် နံနက်စောစောသွားအံ့သောငှါ ထသောအခါ၊ ယောက္ခမက၊ အားဖြည့်ပါဦးတော့ဟု ဆို၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ၏။
9. ထိုသူသည် မယားငယ်နှင့် ငယ်သားကို ခေါ်၍ သွားအံ့သောငှါ ထပြန်သောအခါ၊ သူ၏ယောက္ခမဖြစ်သော ထိုမိန်းမ၏ အဘက၊ ကြည့်ပါ၊ မိုဃ်းချုပ်လုပြီ။ ယနေ့ညဉ့်ကိုလည်း လွန်စေပါတော့။ နေ့အချိန် ကုန်လုပြီ။ ဤအရပ်၌ အိပ်၍ ပျော်မွေ့လျက်နေပါတော့။ နက်ဖြန် နံနက် စောစောထ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း၊
10. သမက်သည် ထိုညဉ့်ကို မလွန်စေဘဲ ထသွား၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်းပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ၏။
11. ထိုမြို့အနီးသို့ ရောက်သောအခါ၊ မိုဃ်းချုပ်သောကြောင့် ငယ်သားက၊ နားထောင်ပါတော့။ ယေဗုသိလူနေရာ ဤမြို့သို့ ဝင်၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော်၊