19. ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့်၊ လူတယောက်ကို ခေါ်၍ သူ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကို နှောင့်ရှက်စပြု၍ သူ၏ခွန်အားသည် လျော့ပျောက်၏။
20. မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံရှိသော်လည်း၊
21. ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။
22. ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တဖန် ပေါက်ပြန်သောအခါ၊
23. ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက်၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ၏။
24. လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများတို့ကို သတ်သော ငါတို့၏ ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။
25. စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဘို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း စရပ်တိုင်ကြားမှာ ထားကြ၏။
26. ရှံဆုန်ကလည်း၊ စရပ်တိုင်တို့ကို ငါမှီ၍ နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေးကို အခွင့်တောင်း၏။
27. ထိုစရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ စရပ်မိုးပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှုလျက်ရှိကြ၏။