14. ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားပြီးမှ၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်နိုး၍ ရက်ကန်းလက်လိပ်၊ စို့၊ ရက်ကန်းသားပါလျက် သွား၏။
15. ဒေလိလကလည်း၊ သင်သည် ငါ့ကို ချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကို ကျီစားပြီဟု ဆို၏။
16. ထိုသို့ ဒေလိလသည် နေ့တိုင်းပူဆာ၍ သူအသက် သေလုအောင် နှောင့်ရှက်သောကြောင့်၊
17. ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကို ရိတ်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
18. ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်း ပြောကြောင်းကို ဒေလိလသိလျှင်၊ ဖိလိတ္တိမင်းတို့ကို တဖန်ခေါ်၍၊ ယခုတခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကိုဆောင်ယူခဲ့လျက် လာကြ၏။
19. ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့်၊ လူတယောက်ကို ခေါ်၍ သူ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကို နှောင့်ရှက်စပြု၍ သူ၏ခွန်အားသည် လျော့ပျောက်၏။
20. မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံရှိသော်လည်း၊
21. ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။
22. ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တဖန် ပေါက်ပြန်သောအခါ၊
23. ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက်၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ၏။
24. လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများတို့ကို သတ်သော ငါတို့၏ ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။
25. စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဘို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း စရပ်တိုင်ကြားမှာ ထားကြ၏။
26. ရှံဆုန်ကလည်း၊ စရပ်တိုင်တို့ကို ငါမှီ၍ နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေးကို အခွင့်တောင်း၏။
27. ထိုစရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ စရပ်မိုးပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှုလျက်ရှိကြ၏။
28. ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဘက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတကြိမ်မျှသာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊
29. စရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ျာလက်၊ လက်ဝဲလက်နှစ်ဘက်နှင့်ကိုင်၍ မှီနေလျက်၊