သူ​ကြီး 15:1-9 Judson Bible (BJB)

1. နောက်တဖန် ဂျုံစပါးရိတ်ရာ ကာလ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက်၊ မိမိမယားကို ကြည့်ရှုခြင်းငှါ သွား၍၊ သူ့အခန်းထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား၍၊

2. သင်သည် ငါ့သမီးကို ဆက်ဆက် မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဘော်အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍ လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို၏။

3. ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊

4. သွား၍ မြေခွေးသုံးရာတို့ကို ဘမ်းပြီးမှ၊ မြေခွေးအမြီးတခုနှင့် တခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကိုစည်း၍၊

5. မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက်၍ စပါးပင်ကို၎င်း၊ ကောက်လှိုင်းကို၎င်း၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို၎င်း မီးလောင်လေ၏။

6. ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဘော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည် လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။

7. ရှံဆုန်ကလည်း၊ ထိုသို့ ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာနေမည်ဟု ဆိုလျက်၊

8. သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။

9. တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။

သူ​ကြီး 15