သူ​ကြီး 12:5-12 Judson Bible (BJB)

5. ဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား၍ ပြေးလွတ်သော ဧဖရိမ်လူက၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ၊ ဂိလဒ်လူတို့က၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော်၊ သူက မဟုတ်ပါဟု ဆိုလျှင်၊

6. သူတို့က၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော်၊ ဧဖရိမ်လူသည် ထိုစကားကို ပြီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော၏။ ထိုသို့ပြောသောသူကို ဘမ်းဆီး၍ ယော်ဒန်မြစ်ကူးရာအရပ်၌ သတ်ကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင် သေကြ၏။

7. ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှ သေ၍ ဂိလဒ်မြို့တမြို့၌ သင်္ဂြိုဟ်လေ၏။

8. ယေဖသနောက်မှ ဗက်လင်မြို့သား ဣဗဇန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။

9. ထိုမင်းသည် သားသုံးဆယ်၊ သမီးသုံးဆယ် ရှိ၏။ သမီးများကို အခြားတပါးသို့ စေလွှတ်၍ ချွေးမသုံးဆယ်ကို သိမ်းထား၏။

10. ဣဗဇန်သည် ဣသရေလအမျိုးကို ခုနစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဗက်လင်မြို့၌ သင်္ဂြိုဟ်လေ၏။

11. ဣဗဇန်နောက်မှ ဇာဗုလုန်အမျိုးသားဧလုန်သည်၊ ဣသရေလအမျိုးကို ဆယ်နှစ်အုပ်စိုး၏။

12. ထိုမင်းသေ၍ ဇာဗုလုန်ခရိုင်၊ အာဇလုန်မြို့၌ သင်္ဂြိုဟ်လေ၏။

သူ​ကြီး 12