သူ​ကြီး 11:28-38 Judson Bible (BJB)

28. သို့သော်လည်း ယေဖသမှာလိုက်သောစကားကို အမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲနေ၏။

29. ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကိုရှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။

30. ယေဖသသည် ထာဝရဘုရားအားသစ္စာဂတိထားလျက်၊ အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊

31. အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှါ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအားအမှန်ဆက်သ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထားပြီးမှ၊

32. အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက်၌ အပ်တော်မူသဖြင့်၊

33. အာရော်မြို့မှစ၍ မိန္နိတ်မြို့တိုင်အောင်၎င်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်၎င်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ၏။

34. ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက်ခရီးဦးကြိုပြုအံ့သောငှါ ထွက်လာ၏။ သူသည် တယောက်တည်းသော သမီးဖြစ်၍၊ သူမှတပါး သားသမီးမရှိ။

35. ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ အို ငါ့သမီး၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီတကား။ ငါ့ကို နှောင့်ရှက်သော သူတယောက်ဖြစ်ပါသည်တကား။ ထာဝရဘုရားအား ငါလျှောက်ထားပြီ။ နှုတ်ရသောအခွင့်မရှိဟုဆိုသော်၊

36. သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအားလျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါ အပြစ်ပေးတော်မူပြီ။

37. သို့ရာတွင် ကျွန်မသည် အပေါင်းအဘော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍၊ ကျွန်မ၏အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း၊ နှစ်လပတ်လုံးအလွတ်နေပါရစေဟု အဘအား အခွင့်တောင်းသည်အတိုင်း၊

38. အဘက၊ သွားလေတော့ဟုဆိုလျက် နှစ်လကို ချိန်းချက်၍ လွှတ်လိုက်လျှင်၊ အပေါင်းအဘော်တို့နှင့် တကွ သွား၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ၏။

သူ​ကြီး 11