19. တဖန်ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့နေရာသို့ ရောက်အံ့သောငှါ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်းသော်လည်း၊
20. ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို ရှောက်သွားစေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။
21. ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတရှောက်လုံးကို သိမ်းယူကြ၏။
22. အာမောရိပြည် နယ်မြေတရှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်၎င်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်၎င်း သိမ်းယူကြ၏။
23. ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည်၊ အာမောရိလူတို့ကို ဣသရေလအမျိုးရှေ့မှာ သူတို့ပြည်ကို နှုတ်တော်မူသည်ဖြစ်၍၊ သင်သည် သိမ်းယူရမည်လော။
24. သင်၏ဘုရားခေမုရှအပိုင်ပေးသောမြေကို သင်သိမ်းယူရသည်မဟုတ်လော။ ထိုအတူ ငါတို့ဘုရားသခင် ထာဝရဘုရား နှင်ထုတ်တော်မူသော သူတို့၏မြေကို ငါတို့သည် သိမ်းယူရ၏။
25. သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း၏သား ဗာလက်ထက်သာ၍ မြတ်သလော။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဘူးသလော။ စစ်တိုက်ဘူးသလော။