သူ​ကြီး 11:18-35 Judson Bible (BJB)

18. နောက်တဖန် တောကိုရှောက်လျက်၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း၍ မောဘပြည် အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တဘက်၌ တပ်ချကြ၏။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြားဖြစ်သတည်း။

19. တဖန်ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့နေရာသို့ ရောက်အံ့သောငှါ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်းသော်လည်း၊

20. ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို ရှောက်သွားစေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။

21. ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတရှောက်လုံးကို သိမ်းယူကြ၏။

22. အာမောရိပြည် နယ်မြေတရှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်၎င်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်၎င်း သိမ်းယူကြ၏။

23. ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည်၊ အာမောရိလူတို့ကို ဣသရေလအမျိုးရှေ့မှာ သူတို့ပြည်ကို နှုတ်တော်မူသည်ဖြစ်၍၊ သင်သည် သိမ်းယူရမည်လော။

24. သင်၏ဘုရားခေမုရှအပိုင်ပေးသောမြေကို သင်သိမ်းယူရသည်မဟုတ်လော။ ထိုအတူ ငါတို့ဘုရားသခင် ထာဝရဘုရား နှင်ထုတ်တော်မူသော သူတို့၏မြေကို ငါတို့သည် သိမ်းယူရ၏။

25. သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း၏သား ဗာလက်ထက်သာ၍ မြတ်သလော။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဘူးသလော။ စစ်တိုက်ဘူးသလော။

26. ဣသရေလအမျိုးသည် ဟေရှဘုန်မြို့ရွာတို့၌၎င်း၊ အာရော်မြို့ရွာတို့၌၎င်း၊ အာနုန်မြစ်နားမှာရှိသော မြို့ရွာအလုံးစုံတို့၌၎င်း အနှစ်သုံးရာပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မရပြန်သနည်း။

27. သင့်ကို ငါမပြစ်မှား။ သင်သည် စစ်တိုက်၍ ငါ့ကို ညှဉ်းဆဲ၏။ ထာဝရဘုရားသည် တရားသူကြီးလုပ်၍ ဣသရေလအမျိုးသား၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့တရားစီရင်ဆုံးဖြတ်တော်မူပါစေသောဟု မှာလိုက်လေ၏။

28. သို့သော်လည်း ယေဖသမှာလိုက်သောစကားကို အမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲနေ၏။

29. ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကိုရှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။

30. ယေဖသသည် ထာဝရဘုရားအားသစ္စာဂတိထားလျက်၊ အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊

31. အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှါ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအားအမှန်ဆက်သ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထားပြီးမှ၊

32. အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက်၌ အပ်တော်မူသဖြင့်၊

33. အာရော်မြို့မှစ၍ မိန္နိတ်မြို့တိုင်အောင်၎င်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်၎င်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ၏။

34. ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက်ခရီးဦးကြိုပြုအံ့သောငှါ ထွက်လာ၏။ သူသည် တယောက်တည်းသော သမီးဖြစ်၍၊ သူမှတပါး သားသမီးမရှိ။

35. ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ အို ငါ့သမီး၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီတကား။ ငါ့ကို နှောင့်ရှက်သော သူတယောက်ဖြစ်ပါသည်တကား။ ထာဝရဘုရားအား ငါလျှောက်ထားပြီ။ နှုတ်ရသောအခွင့်မရှိဟုဆိုသော်၊

သူ​ကြီး 11