သူ​ကြီး 11:1-12 Judson Bible (BJB)

1. ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ်၏။ သူ့အဘကား ဂိလဒ်၊ သူ့အမိကား ပြည်တန်ဆာဖြစ်၏။

2. ဂိလဒ်၏မယား ဘွားမြင်သောသားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကို ဆို၍ နှင်ထုတ်လေ၏။

3. ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား၍ တောဘပြည်၌နေသဖြင့်၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာ စည်းဝေး၍ သူ့နောက်၌ လိုက်ကြ၏။

4. နောက်တဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။

5. ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်သောအခါ၊ ဂိလဒ်ပြည်သား အသက်ကြီးသူတို့သည် ယေဖသကို တောဘပြည်မှ ခေါ်ခြင်းငှါ သွား၍၊

6. ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း၊ လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်း လုပ်ပါဟု မှာလိုက်သော်၊

7. ယေဖသက၊ သင်တို့သည် ငါ့ကို မုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ၊ အဘယ်ကြောင့် ငါ့ထံသို့ လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို၏။

8. ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင်၊ ဂိလဒ်ပြည်သားအပေါင်းတို့၏အထွဋ်လုပ်ပါဟု ယေဖသအား တောင်းပန်ပြန်သော်၊

9. ယေဖသက၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှါ သင်တို့သည် ငါ့ကို ပြန်ပို့၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင်၊ ငါသည် သင်တို့ အထွဋ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော်၊

10. ဂိလဒ်ပြည်သားအသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့မပြုလျှင် ထာဝရဘုရားသည် သင်နှင့် ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။

11. ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့် သွား၍ သူ့ကို လူများတို့၏အထွဋ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဇပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။

12. ထိုနောက်မှ ယေဖသသည်၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နိုင်ငံ၌ စစ်တိုက်ခြင်းငှါ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟုမေးသော်၊

သူ​ကြီး 11