သူ​ကြီး 1:11-21 Judson Bible (BJB)

11. တဖန်ကိရယဿေဖာအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန်၍၊

12. ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊

13. ကာလက်ညီကေနတ်၏ သားဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။

14. ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက်ကို အဘ၌တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်ကဆင်းလေ၏။ အဘကာလက်က၊ အဘယ်အလိုရှိသနည်းဟုမေးလျှင်၊

15. သမီးက၊ ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည်အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။

16. မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံမြို့မှ အာရဒ်မြို့တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။

17. တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူသွား၍ ဇေဖတ်မြို့၌နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။

18. ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။

19. ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကိုနှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထားရှိကြ၏။

20. မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အားပေးကြ၍၊ သူသည် အာနကသားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။

21. ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။

သူ​ကြီး 1