ဝတ်​ပြု 27:8-17 Judson Bible (BJB)

8. သင်အဘိုးပြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ်သည် သစ္စာဂတိပြုသောသူတတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည်။

9. လူသည်တိရစ္ဆာန်ကို ထာဝရဘုရားအားပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။

10. ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင်၊ နှစ်ကောင်စလုံးသန့်ရှင်းရမည်။

11. ထာဝရဘုရားအားမပူဇော်အပ်၊ မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အားပြ၍၊

12. ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။

13. ပူဇော်သောသူသည်ရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ်၍ပေးရမည်။

14. လူသည်မိမိအိမ်ကို ထာဝရဘုရားအဘို့သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။

15. ထိုအိမ်ကို သန့်ရှင်းစေသောသူရွေးလိုလျှင်၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကိုပေး၍ အိမ်ကိုယူရမည်။

16. လူသည် ကိုယ်ပိုင်သောလယ်ယာကို ထာဝရဘုရားအဘို့သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ကြဲရသည်အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။

17. ယုဘိလနှစ်မှစ၍ မိမိလယ်ကိုသန့်ရှင်းစေလျှင်၊ ပြတ်သည်အတိုင်း အဘိုးရှိရမည်။

ဝတ်​ပြု 27