20. ထိုသို့သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာတဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ အပြစ်ဖြေခြင်းကိုပြီးစီးပြီးမှ၊ အသက်ရှင်သောဆိတ်ကို ဆောင်ခဲ့ရမည်။
21. အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလအမျိုးသားတို့၏ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာတင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။
22. သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ဆောင်သွားသော ထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။
23. တဖန် အာရုန်သည် ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင်ဝင်သောအခါ၊ ဝတ်သော ပိတ်ချောအဝတ်ကို ချွတ်၍ ထိုအရပ်၌ထားရမည်။
24. သန့်ရှင်းရာဌာန၌ ကိုယ်ကိုရေချိုး၍၊ မိမိအဝတ်ကိုဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
25. အပြစ်ဖြေရာယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
26. လွတ်လပ်လဟာသို့ ဆိတ်ကိုလွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကို လျှော်၍ ကိုယ်ကိုရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ဝင်ရမည်။
27. သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ ဆောင်သွင်းသော အသွေးနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို၎င်း၊ အပြစ်ဖြေရာယဇ်ဆိတ်ကို၎င်း၊ တပ်ပြင်သို့ယူသွား၍ အရေ၊ အသား၊ ချေးနုကိုမီးရှို့ရမည်။
28. မီးရှို့သောသူသည်လည်း မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ဝင်ရမည်။
29. သင်တို့သည် အစဉ်စောင့်ရသောပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ သတ္တမလဆယ်ရက်နေ့၌ အလုပ်ကိုအလျှင်းမလုပ်၊ ခြိုးခြံစွာကျင့်လျက်နေရကြမည်။
30. အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှါ၊ အပြစ်ဖြေခြင်းကိုပြုရမည်။
31. ထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း၊ သင်တို့ငြိမ်ဝပ်ရာဥပုသ်နေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်သတည်း။
32. အဘအရာ၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှါ၊ အရင်ယဇ်ပုရောဟိတ်လက်မှဘိသိက်နှင့် တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည်၊ ထိုအပြစ်ဖြေခြင်းကိုပြုရမည်။ ထိုယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ပိတ်ချောအဝတ်ကိုဝတ်၍၊
33. သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာတဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ ယဇ်ပုရောဟိတ်များအဘို့၊ ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
34. ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့၏အပြစ်ရှိသမျှတို့ကြောင့် တနှစ်တခါ အပြစ်ဖြေခြင်းကိုပြုမည်အကြောင်း၊ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။