ဝတ်​ပြု 16:14-21 Judson Bible (BJB)

14. နွားအသွေးအချို့ကိုလည်းယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖြန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖြန်းရမည်။

15. ထိုနောက် လူများနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်းသို့ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖြန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌၎င်း၊ ရှေ့၌၎င်းဖြန်းရမည်။

16. ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်ကြောင့်၎င်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ကြောင့်၎င်း၊ သန့်ရှင်းရာဌာနတော်အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာတဲတော်အဘို့ ပြုရမည်။

17. သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ ဝင်သောအခါ၊ မိမိအဘို့၊ မိမိအိမ်သူအိမ်သားများအဘို့၊ ဣသရေလပရိသတ်အပေါင်းတို့အဘို့၊ အပြစ်ဖြေခြင်းကိုပြု၍ မထွက်မှီတိုင်အောင်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲမှာ အဘယ်သူမျှမနေရ။

18. နောက်တဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ထွက်လာ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကိုပြုအံ့သောငှါ၊ နွားအသွေး၊ ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ထည့်ရမည်။

19. ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကိုလက်ညှိုးနှင့် ခုနစ်ကြိမ်တိုင်အောင် ဖြန်း၍ ဣသရေလအမျိုးသားတို့၏မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။

20. ထိုသို့သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာတဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ အပြစ်ဖြေခြင်းကိုပြီးစီးပြီးမှ၊ အသက်ရှင်သောဆိတ်ကို ဆောင်ခဲ့ရမည်။

21. အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလအမျိုးသားတို့၏ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာတင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။

ဝတ်​ပြု 16