13. ထိုသိုးသငယ်ကို အပြစ်ဖြေရာယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန၌သတ်ရမည်။ အကြောင်းမူကား၊ အပြစ်ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ်ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။
14. ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း၊ ထည့်ရမည်။
15. ဆီအချို့ကိုလည်းယူ၍၊ မိမိလက်ဝဲလက်ဝါး၌လောင်းပြီးလျှင်၊
16. ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့်တို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင်ဖြန်းရမည်။
17. မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသော သူ၏လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်းရှိသော ဒုစရိုက်ဖြေရာယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည်။
18. မိမိလက်၌ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသောသူ၏ခေါင်းပေါ်မှာ လောင်း၍ ထိုအဘို့အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
19. ထိုမှတပါး၊ စင်ကြယ်စေရသောသူအဘို့ အပြစ်ဖြေခြင်းငှါ၊ အပြစ်ဖြေရာယဇ်ကို ပူဇော်၍၊ နောက်တဖန် မီးရှို့ရာယဇ်ကောင်ကိုသတ်ရမည်။
20. မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဘို့ အပြစ်ဖြေခြင်းကိုပြု၍ သူသည်သန့်ရှင်းရ၏။