လုကာ 23:41-53 Judson Bible (BJB)

41. ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊

42. သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။

43. ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။

44. ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။

45. နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။

46. ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။

47. ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။

48. ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကို ခတ်၍ ပြန်သွားကြ၏။

49. ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူအပေါင်းတို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။

50. ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည်၊ အခြားသော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊

51. ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊

52. ယေရှု၏အလောင်းတော်ကို တောင်းလေ၏။

53. အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသော ကျောက်သခင်္ျိုင်းတွင်း၌ ထားလေ၏။

လုကာ 23