38. ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။
39. ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ ကို၎င်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။
40. တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။
41. ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊
42. သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။
43. ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
44. ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
45. နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။
46. ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။
47. ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။
48. ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကို ခတ်၍ ပြန်သွားကြ၏။