လုကာ 20:23-35 Judson Bible (BJB)

23. ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ရှက်ကြသနည်း။

24. ဒေနာရိတပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊

25. ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။

26. ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။

27. ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊

28. အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။

29. ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊

30. သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။

31. ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက်ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။

32. နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။

33. သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ် ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ကြပြီဟု လျှောက်ကြ၏။

34. ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။

35. နောင်ဘဝကို၎င်း၊ သေခြင်းမှ ထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။

လုကာ 20