4-5. ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသောမယားမာရိနှင့်အတူ စာရင်းဝင်ခြင်းငှါ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။
6. ဗက်လင်မြို့၌ရှိနေစဉ်၊ ဘွားအံ့သော နေ့လစေ့လျှင်၊
7. သားဦးကိုဘွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာစရပ်၌သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစာခွက်၌သိပ်ထားလေ၏။
8. ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည်ဖြစ်၍၊
9. ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော်ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။
30-32. ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်းငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။
33. ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။
34. ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။
35. ထိုမှတပါး သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။
36. အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင်၊
37. အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။
38. သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။
39. မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့ မြို့သို့ပြန်ကြ၏။
40. သူငယ်သည်လည်းကြီးပွား၍ပညာဥာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။
41. မိဘတို့သည် နှစ်တိုင်းအစဉ်ပသခါ ပွဲခံချိန်ရောက်လျှင်၊ ယေရုရှလင်မြို့သို့သွားကြ၏။
42. ယေရှုသည် တဆယ်နှစ်နှစ်ရှိသောအခါ ပသခါပွဲထုံးစံအတိုင်း ယေရုရှလင်မြို့သို့တက်ကြ၍၊
43. ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည်ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌နေရစ်လေ၏။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကို မသိ၍၊
44. အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟု စိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင်၊ အဆွေအမျိုး အသိအကျွမ်းတို့တွင်ရှာ၍၊
45. မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်၍ရှာကြ၏။
46. သူငယ်မူကား၊ ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှတွေ့ကြ၏။
47. သူ၏စကားကိုကြားသောသူအပေါင်းတို့သည် သူ၏ပညာကို၎င်း၊ စကားအဖြေကို၎င်း အံ့ဩကြ၏။
48. မိဘတို့သည် သားကိုမြင်လျှင်မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာကြပြီဟုဆိုသော်၊