6. တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တပင်ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်းမတွေ့။
7. ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကိုနှောင့်ရှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။
8. အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။
9. အသီးသီးကောင်း သီးပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့်တော်မူ၏။
10. တနေ့သောဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ၊
11. တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။
12. ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊
13. သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ခြင်းတည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။
14. ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။
15. သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော။
16. တဆယ်ရှစ်နှစ်ပတ်လုံးစာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။
17. ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။
18. တဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ်သို့ ပုံပြရအံ့နည်း။
19. လူသည် ယူ၍ ဥယျာဉ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။ ထိုအစေ့သည် ကြီးပွား၍ အပင်ကြီးဖြစ်၏။ မိုဃ်းကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့၌ နားနေမှီခိုကြသည်ဟု မိန့်တော်မူ၏။
20. တဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။
21. မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သော တဆေးနှင့်တူသည်ဟု မိန့်တော်မူ၏။
22. ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမဩဝါဒပေးလျက်၊ ယေရုရှလင်မြို့ သို့ ခရီးသွားတော်မူ၏။
23. လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊