ရှင်ယောဟန် 8:24-41 Judson Bible (BJB)

24. ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟုငါဆို၏။ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။

25. ထိုသူတို့ကလည်း။ သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။

26. သင်တို့အမှု၌ ငါပြောဆိုစီရင်စရာများစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်သောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။

27. ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိတ်မိကြ။

28. ထိုကြောင့်ယေရှုက၊ သင်တို့သည် လူသားကိုမြှောက်ထားသောအခါ၊ ငါသည်ဤမည်သောသူဖြစ်သည် ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါအား နည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း သင်တို့သည် သိကြလိမ့်မည်။

29. ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တကိုယ်တည်းနေစေခြင်းငှါ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့် တော်မူ၏။

30. ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။

31. ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။

32. သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။

33. ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟု၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊

34. ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။

35. ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။

36. ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။

37. သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကိုမရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှါ ရှာကြံကြ၏။

38. ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည့်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။

39. ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။

40. ဘုရားသခင်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။

41. သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုးမဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိသော်မူသည်ဟု ဆိုကြ၏။

ရှင်ယောဟန် 8