ရှင်ယောဟန် 6:10-24 Judson Bible (BJB)

10. ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။

11. ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်းကိုလူများလိုချင်သမျှ ဝေငှကြ၏။

12. ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊

13. စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ် တောင်းအပြည့်ရကြ၏။

14. ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်ဟု ဆိုကြ၏။

15. ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါလာ၍ အနိုင်အထက်ပြုကြမည်အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက်တည်းကြွတော်မူပြန်၏။

16. ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ရောက်ပြီးလျှင်၊ ကပေရနောင်မြို့သို့ရောက်အံ့သောငှါ အိုင်ကိုကူးကြ၏။

17. ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။

18. လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။

19. ခရီးတတိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ရောက်သောအခါ၊ ယေရှုအိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောင့်လန့်ခြင်းရှိကြ၏။

20. ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောင့်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော်တိုင် ဝမ်းမြောက်စွာခံယူကြ၏။

21. လှေသည်လည်းရောက်လိုသောရပ်သို့ တခဏခြင်းတွင် ဆိုက်လေ၏။

22. အိုင်တဘက်၌နေသော လူအစုအဝေးတို့သည်ကား၊

23. အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာ အရပ်နှင့်အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များ လာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတပါး အဘယ်လှေမျှမရှိသည်ကို၎င်း၊ ယေရှုသည်ထိုလှေထဲသို့ တပည့်တော်နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့် တော်တို့သာ သွားသည်ကို၎င်း မြင်ကြ၍၊

24. ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကိုသိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကို ရှာခြင်းငှါ ကပေရနောင်မြို့သို့သွားကြ၏။

ရှင်ယောဟန် 6