ရှင်ယောဟန် 4:20-35 Judson Bible (BJB)

20. အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊

21. ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏။

22. သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။

23. ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။

24. ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။

25. မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။

26. ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။

27. ထိုအခါတပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့်အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။

28. ထိုမိန်းမသည်လည်းရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊

29. အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊

30. သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။

31. မရောက်မှီတွင်တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျှင်၊

32. သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။

33. ထိုကြောင့်တပည့်တော်တို့က၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေးမြန်းကြလျှင်၊

34. ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။

35. ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။

ရှင်ယောဟန် 4