10. တဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိသလော။
11. ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။
12. မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း။
13. ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။
14. မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။
15. အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။
16. ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
17. လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။
18. သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏။
19. အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။
20. ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။
21. သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။
22. ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။
23. ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။
24. ယောဟန်သည်ထောင်ထဲသို့မရောက်သေး။
25. ထိုအခါယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့်၊
26. ယောဟန်ထံသို့လာ၍၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့်တကွရှိ၍၊ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊
27. ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှမခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။
28. ခရစ်တော်ရှေ့၌စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။