8. အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများနှင့်ပိုက်ကွန်ကို ဆွဲငင်လျက်လှေစီး၍ လာကြ၏။
9. ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။
10. ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ၏။
11. ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။
12. ယေရှုကည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်နည်းဟူ၍ တစုံတယောက်မျှမမေးမလျှောက်ဝံ့ကြ။
13. ယေရှုသည် လာ၍မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။
14. ထိုပြတော်မူခြင်းကား၊ ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။
15. နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
16. တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။