1. တဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊
2. ရှိမုန်ပေတရုနှင့်ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။
3. ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့်ထွက်သွားကြ၏။ ချက်ခြင်းလှေထဲသို့ဝင်၍ ထိုညဉ့်တွင် တကောင်ကိုမျှမရကြ။
4. နံနက်ရောက်သောအခါ ယေရှုသည်ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။
5. ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။
6. တဖန်ယေရှုက၊ လှေလက်ျားဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူ သည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။
7. ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။
8. အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများနှင့်ပိုက်ကွန်ကို ဆွဲငင်လျက်လှေစီး၍ လာကြ၏။
9. ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။
10. ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ၏။