ရှင်ယောဟန် 19:26-35 Judson Bible (BJB)

26. ထိုအခါ မယ်တော်နှင့်ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍၎င်း၊

27. တပည့်တော်အားလည်း၊ သင်၏အမိကိုကြည့်ပါဟူ၍၎င်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကိုမိမိအိမ်၌ သိမ်းထား၏။

28. ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။

29. ထိုအရပ်၌ပုံးရည်နှင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတထွေးကိုပုံရည်နှင့် ပြည့် စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။

30. ယေရှုသည် ပုံရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။

31. ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ဝင် ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။

32. ထိုအခါစစ်သူရဲတို့သည် သွား၍ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ်ယောက်တို့၏ ခြေကိုချိုးလေ၏။

33. ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကို မြင်လျှင်ခြေကို မချိုးဘဲ၊

34. စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည်ချက်ခြင်းထွက်လာ၏။

35. ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည်ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။

ရှင်ယောဟန် 19