13. ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။
14. ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။
15. ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသော အမှုအရာနှင့်ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။
16. အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။
17. ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။
18. ကိုယ်တော်သည်အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။
19. သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ်ကို သန့်ရှင်းစေပါ၏။
20. ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏။
21. ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထိုသူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။