20. ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။
21. မိန်းမသည်သားကို ဘွားစဉ်အခါ ဘွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင်ပြီးမှ ဤလောက၌ လူတယောက်ကိုဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။
22. ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှါ မတတ်နိုင်။
23. ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငါ၏ နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။
24. ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။
25. ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အားအတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။
26. ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဘို့အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။
27. အကြောင်းမူကား၊ သင်တို့သည်ငါ့ကိုချစ်ကြ၍၊ ငါသည်ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။
28. ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တဖန် ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။
29. တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟောပြောတော်မူ၏။
30. အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော်မရှိသည်ကို၎င်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။
31. ယေရှုကလည်း၊ ယခုတွင်ယုံကြပြီလော။
32. သင်တို့သည် ကွဲပြား၍ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ စွန့်ပစ်လျက်၊ အသီးသီးမိမိသို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏။