ရှင်ယောဟန် 15:8-25 Judson Bible (BJB)

8. သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။

9. ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။

10. ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။

11. သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။

12. ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။

13. ကိုယ်အဆွေတို့အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။

14. သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။

15. ယခုမှစ၍ ငါသည်သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကိုမသိ။ သင်တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။

16. သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။

17. သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး၏။

18. လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။

19. သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။

20. ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည်ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏ စကားကို နားထောင်ကြလိမ့်မည်။

21. ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။

22. ငါသည် လာ၍ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက်၍ မထားနိုင်ကြ။

23. ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။

24. ငါသည် အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့်ငါ့ခမည်းတော်ကိုမုန်းကြ၏။

25. သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။

ရှင်ယောဟန် 15