ရှင်ယောဟန် 14:22-31 Judson Bible (BJB)

22. ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။

23. ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူဆီသို့ကြွ၍ နေရာချမည်။

24. ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။

25. ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။

26. ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ၏။

27. ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။

28. ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင်ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။

29. ထိုအမှုအရာရောက်သောအခါ သင်တို့သည်ယုံကြည်စေခြင်းငှါ၊ မရောက်မှီယခုပင်သင်တို့အား ငါပြောနှင့်ပြီ။

30. ယခုမှစ၍ ငါသည်သင်တို့နှင့်များစွာမပြောရ။ အကြောင်းမူကား၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။

31. ငါသည် ခမည်းတော်ကိုချစ်သည်ကို၎င်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကို၎င်း၊ လောကီသားတို့သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။

ရှင်ယောဟန် 14