15. ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊
16. ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။
17. ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။
18. ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။
19. ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
20. ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည်ငါ၌ရှိသည်ကို၎င်း။ ငါသည် သင်တို့၌ရှိသည်ကို၎င်း၊ ထိုနေ့၌သင်တို့သည် သိရကြလိမ့်မည်။
21. ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။