17. အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
18. ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
19. ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊
20. ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်းပြောဆို၏။
21. ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။
22. ထိုသူတို့ကလည်း၊ သင်သည်အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေခြင်းငှါ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။
23. ယောဟန်ကလည်း၊ ငါသည်ပရောဖက် ဟေရှာယဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟု ဆို၏။
24. အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း။
25. ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည်မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။
26. ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့အလယ်၌သင်တို့မသိသော သူတယောက်ရှိ၏။
27. ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်ဟုပြန်ပြော၏။
28. ယောဟန်သည်ဗတ္တဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။
29. နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။
30. ငါမရှိမှီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။
31. အစကထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။
32. ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။