ရှင်မာကု 8:5-24 Judson Bible (BJB)

5. ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိပါသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနှစ်လုံးရှိပါသည်ဟု လျှောက်ကြ၏။

6. ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ်လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူသည်အတိုင်း သူတို့သည် ထည့်ကြ၏။

7. အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့်စေခြင်းငှါ မိန့်တော်မူ၏။

8. ထိုသူတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်းအပြည့်ရကြ၏။

9. စားသောသူအရေအတွက်ကား၊ လူလေးထောင် မျှလောက် ရှိသတည်း။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ၊

10. တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ခြင်းဝင်၍၊ ဒါလမနုသကျေးလက်သို့ ရောက်တော်မူ၏။

11. ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ရှက်ခြင်းငှါ၊ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။

12. ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက်၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို မပြရဟု မိန့်တော်မူပြီးလျှင်၊

13. ထိုသူတို့ ရှိရာမှထွက်၍ တဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတဘက်သို့ ပြန်တော်မူ၏။

14. တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှါ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တလုံးတည်းသာ ရှိ၏။

15. ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏တဆေးကို၎င်း၊ ဟေရုဒ်၏တဆေးကို၎င်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။

16. တပည့်တော်တို့ကိုလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။

17. ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကိုထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။ ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည်ကြသလော။ သင်တို့ စိတ်နှလုံးမိုက်သေးသလော။

18. မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲနေကြသလော။

19. မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်း ဟု မေးတော်မူလျှင်၊ တဆယ်နှစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။

20. မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်း ဟု မေးတော်မူလျှင်၊ ခုနစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။

21. သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။

22. ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင်၊ လူကန်းတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။

23. ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစုံတခုကို မြင်သလောဟု မေးတော်မူ၏။

24. ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည် ဟု လျှောက်၏။

ရှင်မာကု 8