ရှင်မာကု 8:14-23 Judson Bible (BJB)

14. တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှါ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တလုံးတည်းသာ ရှိ၏။

15. ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏တဆေးကို၎င်း၊ ဟေရုဒ်၏တဆေးကို၎င်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။

16. တပည့်တော်တို့ကိုလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။

17. ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကိုထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။ ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည်ကြသလော။ သင်တို့ စိတ်နှလုံးမိုက်သေးသလော။

18. မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲနေကြသလော။

19. မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်း ဟု မေးတော်မူလျှင်၊ တဆယ်နှစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။

20. မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်း ဟု မေးတော်မူလျှင်၊ ခုနစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။

21. သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။

22. ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင်၊ လူကန်းတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။

23. ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစုံတခုကို မြင်သလောဟု မေးတော်မူ၏။

ရှင်မာကု 8