34. ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။
35. မိုဃ်းချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုဃ်းလည်း ချုပ်ပါပြီ။
36. လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား၍ စားစရာကိုဝယ်စေခြင်းငှါ အခွင့်ပေးတော်မူပါ။ သူတို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊
37. ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု ပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည် သွား၍ ဒေနာရိအပြားနှစ်ရာနှင့်မုန့်ကိုဝယ်ပြီးလျှင် သူတို့အား စားစရာဘို့ ပေးရပါအံ့လောဟု လျှောက်ကြ၏။
38. ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံးရှိသနည်း။ သွား၍ ကြည့်ရှုကြဟု မိန့်တော်မူသည်အတိုင်း သူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်ဟု လျှောက်ပြန်၏။
39. ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။
40. သူတို့သည် တရာတစု၊ ငါးဆယ်တစု၊ အစုစုလျောင်းကြလျှင်၊
41. ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍၊ ကောင်းကင်သို့ ကြည့်မျှော်လျက် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ဝေငှတော်မူ၏။
42. လူအပေါင်းတို့သည် စား၍ဝကြပြီးမှ၊
43. မုန့်နှင့်ငါးအကျိုးအပဲ့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်း၊ အပြည့်ရကြ၏။
44. မုန့်ကိုစားသောသူ ယောက်ျားအရေအတွက်ကား၊ လူငါးထောင်မျှလောက်ရှိသတည်း။