21. ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီး ခြင်းငှါ ထွက်သွားကြ၏။
22. ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။
23. ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။
24. တိုင်းနိုင်ငံသည် မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
25. အိမ်သည်လည်း မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။
26. စာတန်သည် မိမိတဘက်၌ ထ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက်လိမ့်မည်။
27. သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏ အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူများ မလုမယူနိုင်။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။
28. ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။
29. သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။
30. အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသောသူဖြစ်သည်ဟု ဆိုကြသတည်း။
31. ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ ပြင်မှာရပ်နေလျက်၊ တစုံတယောက်သောသူကို ကိုယ်တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။
32. ခြံရံလျက်ထိုင်သောသူများတို့က၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ ၏ ဟုလျှောက်လျှင်၊
33. ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊
34. ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။
35. ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ၏။