ရှင်မာကု 15:4-13 Judson Bible (BJB)

4. တဖန်ပိလတ်မင်းက၊ သင်သည် တခွန်းကိုမျှပြန်၍ မပြောသလောက်။ သင့်တဘက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊

5. စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။

6. ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတောင်းသော သူတယောက်ယောက်ကို လွှတ်တတ်၏။

7. ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတယောက်သည်၊ ပုန်ကန်သောအပေါင်းဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။

8. လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍ တောင်းပန်သောအခါ၊

9. ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်၍မေး၏။

10. အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ၏။

11. ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစုအဝေးကို နှိုးဆော်ကြ၏။

12. တဖန်ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကိုအဘယ်သို့ပြုရမည်နည်းဟု မေးမြန်းသော်၊

13. ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ၏။

ရှင်မာကု 15