58. ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ၏။
59. သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။
60. ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တပ်ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊
61. ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တဖန်ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မြေးပြန်လျှင်၊
62. ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ျာဘက်၌ထိုင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
63. ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက်အဘယ်သက်သေကို လိုသေးသနည်း။
64. ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။
65. ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ ၏။
66. ပေတရုသည်အောက်မှာ အိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါးမိန်းမတယောက်သည် လာ၍၊
67. ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက် မြို့သားယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင်၊
68. ပေတရုက၊ သင်ပြောသောအရာကိုငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။
69. နောက်တဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟုဆိုသော်။
70. ပေတရုသည် တဖန်ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊
71. ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ကျိန်ဆိုသည်နောက်၊
72. တဖန်ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ငိုကြွေးလေ၏။