ရှင်မာကု 14:49-59 Judson Bible (BJB)

49. ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ ဤအကြောင်းအရာကား၊

50. ကျမ်းစာပြည်စုံမည်အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ၏။

51. ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တယောက်သည် စောင်တထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုလုလင်ကို ဘမ်းဆီးကြ၏။

52. သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ၏။

53. ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။

54. ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့်ဝေးစွာ လိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်တအူထိုင်၍မီးလှုံလေ၏။

55. ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက်သေကို ရှာသော်လည်းမတွေ့ကြ။

56. လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံချက်သည်မညီ။

57. အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့် လုပ်သော၊

58. ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ၏။

59. သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။

ရှင်မာကု 14