40. ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်၍၊ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက်ရမည်ကို မသိကြ။
41. သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန် ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။
42. ထကြ။ ငါတို့သည်သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
43. ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ။ လူအပေါင်းတို့သည် ထားနှင့်ဒုတ်များကိုကိုင်လျက် ချက်ခြင်းလာကြ၏။
44. ကိုယ်တော်ကိုအပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်း၍ လုံခြုံစွာ ဆောင်သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊
45. သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ်၍ အရှင်ဘုရား၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ၏။
46. ထိုသူတို့သည် လာ၍ ကိုယ်တော်ကိုဆွဲကိုင် ဘမ်းဆီးကြ၏။
47. အနား၌ ရပ်နေသော သူတယောက်သည် ထားကို ဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။
48. ယေရှုကလည်း သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက် စွဲလျက်လာကြသည်တကား၊
49. ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ ဤအကြောင်းအရာကား၊
50. ကျမ်းစာပြည်စုံမည်အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ၏။
51. ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တယောက်သည် စောင်တထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုလုလင်ကို ဘမ်းဆီးကြ၏။