11. ထိုသူတို့သည် ကြားလျင်ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက် အဆင်သင့်သောအချိန်ကာလ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။
12. ပသခါသိုးငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊
13. ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ်၍၊ သင်တို့သည် မြို့ထဲသို့သွားကြ။ ရေအိုး ဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍၊
14. သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည်တို့နှင့်တကွ ပသခါပွဲကို စားရသောဧည့်သည် အခန်းကား၊ အဘယ်မှရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။
15. ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဘို့ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
16. တပည့်တော်တို့သည်သွား၍ မြို့ထဲသို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
17. ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။
18. စားပွဲ၌လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစုံတယောက်သည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျင်၊
19. တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက် အသီးအသီးမေးလျှောက်ကြ၏။
20. ကိုယ်တော်ကလည်း၊ တကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူ ပုန်ကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။