3. ယေရှုက၊ မောရှေသည်သင်တို့အား အဘယ်သို့ စီရင်သနည်းဟုလှန်၍ မေးတော်မူလျှင်၊
4. သူတို့က၊ ဖြတ်စာကို ပေး၍မယားနှင့် ကွာစေခြင်းငှါ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။
5. ယေရှုကလည်း၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကို ရေးထားသတည်း။
6. ဘုရားသခင်ဖန်ဆင်းတော်မူစက ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။
7. ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊
8. ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။
9. ဘုရားသခင် တွဲဘက်၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။
10. နောက်တဖန်တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။
11. ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံထက်ခြင်းကိုပြ၏။ ထို သူသည် မိမိမယားကို ပြစ်မှား၏။
12. မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောက်ျားနှင့်စုံဘက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။
13. ထိုအခါသူငယ်တို့ကို လက်တော်နှင့် တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော်တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။
14. ယေရှုသည်မြင်တော်မူလျှင် အမျက်တော်ထွက်၍၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါစေလေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။
15. ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊
16. သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းကြီးပေးတော်မူ၏။
17. လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု မေးလျှောက်သော်၊
18. ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။
19. သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာ ပြုလော့ဟု မိန့်တော်မူလျှင်၊
20. အရင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊
21. ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည်အခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။