ရော​မ 8:20-36 Judson Bible (BJB)

20. ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။

21. ဘုရားသခင်သားထူးမြတ်သော လွှတ်ခြင်း ချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။

22. ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ၏။

23. ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။

24. ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်းမရှိ။ တွေ့မြင်သော အရာကိုအဘယ်ကြောင့် မြော်လင့်ရမည်နည်း။

25. ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား၊ ထိုအရာကိုသည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။

26. ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။

27. စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့်အညီ စောင့်မတော်မူ၏။

28. ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။

29. ဘုရားသခင်၏သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။

30. ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။

31. သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။

32. မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။

33. ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ ၌တည်စေသောသူကား ဘုရားသခင်ပေတည်း။

34. အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌နေလျက်၊ ငါတို့ အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။

35. ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူကွာစေမည်နည်း။

36. အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။

ရော​မ 8